သွေးခြေဥခြင်းဖြစ်ရတဲ့ ကနဦးအကြောင်းရင်း
တစ်ခုခုနဲ့ ထိခိုက်မိတဲ့အခါမှာ သွေးခြေဥတဲ့ လက္ခဏာအနေနဲ့ သွေးကြောနေရာမှာ အညိုအမဲစွဲတာကို လူတိုင်း ကြုံဖူးကြမှာပါ။
ဒါဟာ အရေပြားအောက်က ဆံချည်မျှင်သွေးကြောလေးတွေ ပေါက်တာကြောင့် သွေးယိုခြင်းကို ခံစားရတာ ဖြစ်ပါတယ်။ အထူးသဖြင့် အသက်အရွယ်ကြီးသူတွေနဲ့ အသားအရေပါးတဲ့သူတွေမှာ သွေးခြေဥခြင်းကို ပိုကြုံတွေ့ရနိုင်ပါတယ်။
တချို့လူတွေမှာ အလွယ်တကူနဲ့ သွေးခြေဥခြင်းကို ပိုဖြစ်စေတဲ့ တခြားအကြောင်းရင်းတွေလဲ ရှိနိုင်ပါသေးတယ်။
တချို့သော ဆေးဝါးတွေဟာ သွေးခဲတဲ့ ဖြစ်စဉ်ကို အဟန့်အတားဖြစ်စေတာကြောင့် သွေးခြေဥခြင်းကို ပိုအားပေးတာ တွေ့ရပါတယ်။ အထူးသဖြင့် သွေးကျဲဆေး၊ အကိုက်အခဲပျောက်ဆေး၊ စတီးရွိုက်နဲ့ တချို့သော တိုင်းရင်းဆေးတွေကြောင့် သွေးခြေဥတာကို ပိုဖြစ်စေတာ တွေ့ရပါတယ်။
ဒါ့အပြင် မွေးရာပါ သွေးမတိတ်ရောဂါ ဒါမှမဟုတ် သွေးခဲမှုဖြစ်စဉ်မှာ ချို့ယွင်းချက်ရှိတာကလဲ သွေးယိုတာနဲ့ သွေးခြေဥတာကို ပိုဆိုးစေတာကို တွေ့ရပါတယ်။ ဒါ့အပြင် သွေးဥမွှားလေးတွေ နည်းတာ၊ သွေးကင်ဆာ၊ အသည်းခြောက်ရောဂါနဲ့ တချို့သော ဗီတာမင်တွေ ချို့တဲ့တဲ့ အခါမှာလဲ သွေးခြေဥတဲ့ ဖြစ်စဉ်ကို ပိုကြုံတွေ့ရနိုင်ပါတယ်။
အထူးသဖြင့် ကစားခုန်လွှား ပြေးကစားနေကျ အရွယ် ကလေးတွေဟာ လူကြီးတွေထက် သွေးခြေဥခြင်း ပိုဖြစ်နိုင်တာကို တွေ့ရပါတယ်။
တကယ်လို့ ကလေးတွေမဖျာ သွေးခြေဥခြင်းနဲ့အတူ အသားအရေနီရဲတာ၊ ဖျားတာနဲ့ အရိုးနာကျင်တာတွေ ဖြစ်လာခဲ့ရင်တော့ မပေါ့ဆသင့်ပါဘူး။
သွေးခြေဥတာဟာ အရေပြားအောက်မှာ ဖြစ်တဲ့ ခဏတာ သွေးယိုတဲ့ ပြဿနာပဲ ဖြစ်လို့ များသောအားဖြင့် သူ့အလိုလို သက်သာသွားတာ များပါတယ်။
တကယ်လို့ အချိန်ကြာတဲ့အထိ မပျောက်ခဲ့ရင်တော့ ရေအေးကပ်တာ၊ ထိခိုက်မိတဲ့ နေရာကို မြှင့်ထားတာတွေ လုပ်ပေးလို့ ရပါတယ်။
သွေးခြေဥခြင်းဟာ ခန္ဓာကိုယ်ရဲ့ ပြင်ပထိခိုက်မှုတွေကို တုန့်ပြန်တဲ့ ပုံမှန်အခြေအနေ တစ်ခုပဲ ဖြစ်တာကြောင့် စိုးရိမ်စရာမဟုတ်ပေမယ့် တကယ်လို့
- မကြာခဏ သွေးခြေဥတယ်၊
- ထိခိုက်တာနဲ့ အချိန်အကြာကြီး သွေးခြေဥတဲ့ ပြဿနာဖြစ်တယ်၊
- တခြား ရောဂါလက္ခဏာတွေနဲ့လဲ တွဲဖြစ်နေတယ်ဆိုရင်တော့ သွေးခြေဥခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းကို သိရဖို့ သေချာစစ်ဆေးကုသသင့်ကြောင်း မျှဝေလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)